The Wayback Machine - https://web.archive.org/web/20180330213547/http://www.7daydaily.com:80/story/118765
Image

သမ္မတဦးထင်ကျော် ဆေးစစ်ရန် စင်ကာပူနိုင်ငံသို့ သွားရောက်

Image
ရန်ကုန်မြို့တွင် ကျင်းပသော ကလေးစာပေပွဲတော်တွင် တွေ့ရသည့် သမ္မတဦးထင်ကျော်(ဓာတ်ပုံ − ကျော်ဇင်သန်း)

 နိုင်ငံတော်သမ္မတ ဦး ထင်ကျော်သည် ဆေးစစ်မှုခံယူ ရန် စင်ကာပူနိုင်ငံသို့ ဇန်နဝါရီ ၂၃ ရက် ညက ထွက်ခွာခဲ့ကြောင်း သမ္မတနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

  ‘‘သမ္မတကြီးက ပုံမှန် Medical Checkup သွားလုပ်တာ ပါ။ ဘာမှမဖြစ်ပါဘူး။ ပုံမှန်လုပ်နေကျ စစ်ဆေးမှုအတိုင်း သွားစစ် ဆေးမှုခံယူတာပါ’’ ဟု ၎င်းက ပြောသည်။

သမ္မတ ဦးထင်ကျော်သည် ကျန်းမာရေး ကောင်းမွန်နေပြီးနှင့် ယခုကျန်းမာရေးစစ်ဆေးသည့် ခရီးစဉ်သည် ရက်မည်မျှကြာမည်ကို အထက်ပါပုဂ္ဂိုလ်က ပြောကြားခြင်းမရှိပေ။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်စင်ကာပူနိုင်ငံသို့ ဆေးစစ်ရန် ထွက်ခွာသွားသည့် ကိစ္စအပေါ် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တစ်စုံတစ်ရာမှတ်ချက်ပြုမပြောလိုကြောင်း ဇန်နဝါရီ ၂၄ ရက်ညက ပြန်လည်ဖြေကြားသည်။


နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် ၂၀၁၇ စက်တင်ဘာ ၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ကာ ဆေးစစ်မှုခံယူစဉ် အူလမ်းကြောင်း၌ Colonic Polyp တွေ့ရှိသောကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့သည်။

 အူလမ်းကြောင်းခွဲစိတ်ကုသပြီးနောက် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန၌ Public Works Department (၁၃၁)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့တက်ရောက်လာ သော နိုင်ငံတော်သမ္မတသည် အ နည်းငယ်ပိန်နေပြီး ကျန်းမာရေး အားနည်းနေသည်ဟု ပြည်သူများ ကြား ပြောကြားမှုများထွက်ပေါ် လာပြီးနောက် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူက သမ္မတကျန်းမာရေး ကောင်းမွန်ကြောင်း  ပြောကြားခဲ့သည်။

ထို့ပြင် ယမန်နှစ်ကလည်း သမ္မတ ဦးထင်ကျော် ကျန်းမာရေး အခြေအနေကြောင့် အနားယူမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ သဖြင့် မမှန်သတင်းဖြန့်သူများကို ဖော်ထုတ်အရေးယူပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်က ပြည်ထဲရေး ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သည်။