စိန်ဝင်း၊ ဒေါက်တာ
ဒေါက်တာ စိန်ဝင်း | |
|---|---|
၂၀၁၂ ခုနှစ်က ဒေါက်တာစိန်ဝင်း | |
| ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၁၈ စက်တင်ဘာ ၁၉၉၀ – ၁၄ စက်တင်ဘာ ၂၀၁၂ | |
| ဆက်ခံသူ | မရှိ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၆ ဒီဇင်ဘာ၊ ၁၉၄၄ တောင်တွင်းကြီးမြို့၊ မကွေး၊ ဗြိတိသျှဘားမား |
| ကွယ်လွန် | ၆ ဖေဖော်ဝါရီ၊ ၂၀၂၆ (အသက် ၈၁) ဘက်သက်စ်ဒါမြို့၊ မေရီလန်းပြည်နယ်၊ အမေရိကန်နိုင်ငံ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ |
| သွေးသားတော်စပ်သူ | ဦးဘဝင်း (ဖခင်) ဒေါ်ခင်စော (မိခင်) အောင်ဆန်း (ဦးလေး) အောင်ဆန်းစုကြည် (ဝမ်းကွဲ) |
| မိခင်ကျောင်း | ဟမ်းဘတ်တက္ကသိုလ် ရန်ကုန်တက္ကသိုလ် |
ဒေါက်တာစိန်ဝင်း (၁၆ ဒီဇင်ဘာ ၁၉၄၄ – ၆ ဖေဖော်ဝါရီ ၂၀၂၆) သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး "ပြည်ပရောက်အစိုးရ" ဟု လူသိများသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သော ယင်းအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (ယခင် ပြည်ပရောက်အစိုးရ) ၏ တရားဝင်မဟုတ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ်လည်း ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ဘဝနှင့် နိုင်ငံရေးဖြတ်သန်းမှု
[ရင်းမြစ်ကို တည်းဖြတ်ရန်]ဦးစိန်ဝင်းကို ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ ဖခင်ဖြစ်သူ ဦးဘဝင်းနှင့် မိခင် ဒေါ်ခင်စောတို့မှ မွေးဖွားခဲ့သည်။ ၎င်း၏ ဖခင် ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို အကြီးဆုံးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အခြားသော အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစုနှင့်အတူ ဦးဘဝင်းသည်လည်း လုပ်ကြံခံခဲ့ရသည်။
ဦးစိန်ဝင်းသည် ၁၉၆၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ (ဂုဏ်ထူး) ကို ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် သင်္ချာဘာသာရပ်ဖြင့် ဒီပလိုမာဘွဲ့ကို ရရှိခဲ့ပြီး ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်တက္ကသိုလ် မှ သိပ္ပံပါရဂူဘွဲ့ကို ရရှိခဲ့သည်။[၁] သူသည် ဟမ်းဘတ်တက္ကသိုလ်သို့ ပညာသင်ဆုဖြင့် မသွားရောက်မီအချိန်အထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၁ ခုနှစ်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုတက္ကသိုလ်တွင် လည်းကောင်း၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီတက္ကသိုလ်တွင် လည်းကောင်း ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ရင်းမြစ်ကို တည်းဖြတ်ရန်]၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဦးစိန်ဝင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ကိုယ်စားပြု၍ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ သို့ရာတွင် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သောကြောင့်၊ ဦးစိန်ဝင်းနှင့်တကွ အခြားသော ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းကာ ၎င်းအား ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြသည်။[၂]
ဘဝနိဂုံး
[ရင်းမြစ်ကို တည်းဖြတ်ရန်]၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဦးစိန်ဝင်းသည် အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ Bethesda မြို့ရှိ Suburban ဆေးရုံ၌ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။[၃]
ကိုးကား
[ရင်းမြစ်ကို တည်းဖြတ်ရန်]- ↑ Former NCGUB Prime Minister Dr. Sein Win passes away။ 2026-02-15 တွင် ပြန်စစ်ပြီး။
- ↑ DVB founder Sein Win passes away at age 83 in US state of Maryland။ 2026-02-15 တွင် ပြန်စစ်ပြီး။
- ↑ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ ဈာပနနှင့် အောက်မေ့ဖွယ်အခမ်းအနား (ဓာတ်ပုံ) (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံ နိုင်ငံရေးသမား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |