တာရစ် ရာဟ်မန်
တာရစ် ရာဟ်မန် | |
|---|---|
তারেক রহমান | |
ရာဟ်မန် (၂၀၂၆) | |
| ၁၁ ဦးမြောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၇ ဖေဖော်ဝါရီ ၂၀၂၆ | |
| သမ္မတ | မိုဟာမက် ရှာဟာဘူဒင် |
| ယခင်လူ | မိုဟာမတ် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ |
| Bangladesh Nationalist Party ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၉ ဇန်နဝါရီ ၂၀၂၆ | |
| ယခင်လူ | ခါလီဒါ ဇီယာ |
| ဘင်္ဂလားဒေ့ရှ်နိုင်ငံလွှတ်တော်အမတ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၇ ဖေဖော်ဝါရီ ၂၀၂၆ | |
| ယခင်လူ | Mohammad A. Arafat |
| မဲဆန္ဒနယ် | Dhaka-17 |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၀ နိုဝင်ဘာ၊ ၁၉၆၈ ဒါကာမြို့၊ အရှေ့ ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) |
| နိုင်ငံရေးပါတီ | Bangladesh Nationalist Party |
| ကြင်ဖော် | Zubaida Rahman |
| သားသမီး | ၁ဦး |
| မိဘ |
|
| ဆွေမျိုးသားချင်း | Majumder–Zia family |
| ပညာရေး |
|
| လက်မှတ် | |
| ဝက်ဘ်ဆိုဒ် | tariquerahman.info |
| နာမည်ပြောင် | Pinu |
တာရစ် ရာဟ်မန် (အင်္ဂလိပ်: Tarique Rahman;၂၀ နိုဝင်ဘာ ၁၉၆၈ မွေးဖွား)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်သည်။၎င်းသည် ယခင် သမ္မတ ဇီယာအူရ် ရာဟ်မန် နှင့် ယခင် ဝန်ကြီးချုပ် ခါလီဒါ ဇီယာတို့၏ သားဖြစ်ပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့ကြသည့် ဇီယာ နိုင်ငံရေးမျိုးဆက်မိသားစု၏ အရေးပါသူ တစ်ဦးဖြစ်သည်။၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် ဆန္ဒပြလှုပ်ရှားမှုများအပြီး ယခင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နိုင်ငံမှ ထွက်ခွာခဲ့သည့် နောက်ပိုင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် အနိုင်ရရှိကာ ဝန်ကြီးချုပ်အဖြစ် တက်ရောက်လာခဲ့သူလည်းဖြစ်သည်။[၁]
ငယ်ဘဝ နှင့် ပညာရေး
[ပြင်ဆင်ရန်]တာရစ် ရာဟ်မန် ကို ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် အရှေ့ပါကစ္စတန်၊ဒါကာမြို့ (ယနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့) တွင် မွေးဖွားခဲ့သည်။မွေးဖွားသက္ကရာဇ်နှင့်ပတ်သက်၍ ၎င်း၏ ကိုယ်ပိုင် ဝဘ်ဆိုက်တွင် မွေးဖွားသည့် နှစ်ကို ၁၉၆၅ ဟု ဖော်ပြထားသည်။ ရွေးကောက်ပွဲ အတည်ပြုလွှာပါ အမျိုးသားမှတ်ပုံတင်ကဒ်တွင်မူ မွေးဖွားနှစ်ကို ၁၉၆၈ ဟု ဖော်ပြထားသည့် ကွဲလွဲချက်ရှိသည်။[၂]
၎င်း၏ ဖခင်ဖြစ်သူ ဇီယာအူရ် ရာဟ်မန် သည် ပါကစ္စတန်တပ်မတော် မှ အရာရှိတစ်ဦးဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမ္မတ ဖြစ်လာခဲ့သကဲ့သို့ “Bir Uttom” ဆုကိုလည်း ချီးမြှင့်ခံခဲ့ရသည်။Bir Uttom ဆုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအမြင့်ဆုံးသော စစ်ဘက်ဆိုင်ရာ စွမ်းရည်သတ္တိဆု ဖြစ်သည်။
သူ့ဖခင် ဇီယာအူရ် ရာဟ်မန်သည် စစ်တပ်ခေါင်းဆောင်အဖြစ်မှ သမ္မတဖြစ်လာသူဖြစ်ပြီး၊ ၁၉၈၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် စစ်တပ်အာဏာသိမ်းမှုအတွင်း သတ်ဖြတ်ခံခဲ့ရသည်။၎င်းသည် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးကြိုးပမ်းမှု၌ အရေးပါသည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်တွင် ဘင်္ဂလားဒေ့်ရှ်အမျိုးသားပါတီ (BNP) ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
မိခင်ဖြစ်သူ ခါလီဒါ ဇီယာ သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ရာဟ်မန်သည် ပညာရေးကို ဒါကာမြို့တွင် စတင်ခဲ့ပြီး အချိန်တိုအတွင်း St. Joseph Higher Secondary School တွင် ဆက်လက်သင်ယူခဲ့သည်။ ထို့နောက် Dhaka Residential Model College မှ အထက်တန်းပညာ ပြီးမြောက်ခဲ့ပြီး Adamjee Cantonment College တွင် အထက်တန်းအောင်လက်မှတ် (HSC) ရရှိခဲ့သည်။
ဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၈၅–၈၆ ပညာသင်နှစ်တွင် ဒါကာတက္ကသိုလ် (University of Dhaka) ၏ ဥပဒေဌာနတွင် ပထမဦးစွာ ဝင်ရောက်သင်ယူခဲ့ပြီး နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာနသို့ ပြောင်းလဲတက်ရောက်ခဲ့သည်။
သို့သော် ဒုတိယနှစ်တွင် တက္ကသိုလ်ပညာကို ရပ်နားခဲ့ပြီး အထည်ချုပ်လုပ်ငန်းနှင့် သင်္ဘောလုပ်ငန်းကဏ္ဍတို့တွင် ဝင်ရောက်လုပ်ကိုင်ရင်းဖြင့် စီးပွားရေးလုပ်ငန်းများအား စတင်လုပ်ကိုင်ခဲ့သည်။
စီးပွားရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ်တွင် ၎င်းသည် ယူနိုက်တက်ကင်းဒမ်း၌ “White and Blue Consultants Limited” အမည်ရှိ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ခဲ့သည်။ထိုကုမ္ပဏီကို လူထုဆက်ဆံရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဖော်ပြထားသည်။
Companies House သို့ တင်သွင်းထားသည့် စာရွက်စာတမ်းများတွင် ပထမအကြိမ် မှတ်ပုံတင်စဉ် ၎င်း၏ လူမျိုးရေးကို “ဗြိတိသျှ” ဟု ဖော်ပြထားခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် “ဘင်္ဂလားဒေ့ရှ်နိုင်ငံသား” ဟု ပြန်လည်ပြင်ဆင်ခဲ့သည်။ ထိုအစောပိုင်း မှတ်တမ်းကို အချို့ သုံးသပ်သူများနှင့် အစိုးရတာဝန်ရှိသူများက ၎င်းသည် ဗြိတိသျှနိုင်ငံသား ခံယူထားသည်ဟု ဆိုသော စွပ်စွဲချက်များကို ထောက်ခံသည့် သက်သေအဖြစ် ကိုးကားခံခဲ့ရသည်။ ရာဟ်မန်ဘက်မှ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဗြိတိသျှနိုင်ငံသား ဖြစ်သည်ဟု ပြောကြားမှုများအပေါ် တရားဝင်တောင်းပန်ရန် စွပ်စွဲသူများကို ဥပဒေကြောင်းဖြင့် တုံ့ပြန်ခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]တာရစ် ရာဟ်မန် သည် ၁၉၈၈ ခုနှစ်တွင် ဘိုဂူရာခရိုင်၊ ဂါဘ်တလီမြို့နယ်ရှိ ဘင်္ဂလားဒေ့်ရှ်အမျိုးသားပါတီ (Bangladesh Nationalist Party(BNP)) တွင် အခြေခံအဖွဲ့ဝင်အဖြစ်ပါဝင်ရင်းဖြင့် နိုင်ငံရေးဘဝကို စတင်ခဲ့သည်။
၁၉၉၁ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွင် မိခင်ဖြစ်သူ ခါလီဒါ ဇီယာ ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များအတွင်း မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ထိုရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးမှ ရွေးကောက်တင်မြှောက်ခံ အစိုးရသို့ ပြောင်းလဲသည့် ကာလအတွင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။
၁၉၉၁ ခုနှစ်တွင် BNP ပါတီ အနိုင်ရရှိပြီးနောက် ရာဟ်မန်သည် ဘိုဂူရာဒေသတွင် ပါတီရေးရာ လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်းသည် လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ မိခင်ဖြစ်သူ ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များအတွက်တွင်သာ မဲဆွယ်ရေး ညှိနှိုင်းရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
၁၉၉၆ ခုနှစ် မှ ၂၀၀၁ ခုနှစ်အတွင်း ရှိတ်ဟာဆီနာ အစိုးရ တာဝန်ထမ်းဆောင်သည့် ကာလတွင် ၎င်းသည် အတိုက်အခံသမားအဖြစ် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၂၀၀၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် BNP ပါတီသည် နှစ်ပုံသုံးပုံ မဲအများစုဖြင့် အနိုင်ရရှိခဲ့သည်။
BNP ဦးဆောင်သည့် အစိုးရကာလ (၂၀၀၁–၂၀၀၆) အတွင်း ၂၀၀၄ ခုနှစ်တွင် ဒါကာမြို့၌ ၂၀၀၄ ခုနှစ် ဒါကာတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။
၂၀၀၄ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်ခံရမှုသည် ရှိတ်ဟာဆီနာကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပြီး၊ လူ ၂၀ ကျော် သေဆုံးကာ လူရာချီ ဒဏ်ရာရရှိခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ရှိတ်ဟာဆီနာ ၏ Awami League ပါတီ လူထုအစည်းအဝေးတစ်ရပ်တွင် ဖြစ်ပွားခဲ့ပြီး၊ ရှိတ်ဟာဆီနာသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
ရာဟ်မန်သည် ထိုအမှုနှင့် ဆက်နွယ်သည်ဟု ရှိတ်ဟာဆီနာအစိုးရလက်ထက်တွင် တရားစွဲဆိုခံရပြီး နောက်ပိုင်းတွင် မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၂၀၂၄ ခုနှစ်တွင် အယူခံတရားရုံးက ယခင်တရားစီရင်မှု၌ လုပ်ထုံးလုပ်နည်း မမှန်ကန်မှုများ ရှိခဲ့ကြောင်း ဖော်ပြကာ ထိုစီရင်ချက်ကို ပယ်ဖျက်ပြီး ၎င်းအား လွတ်မြောက်စေခဲ့သည်။
၂၀၀၇ ခုနှစ်တွင် စစ်တပ် ကျောထောက်နောက်ခံပြု ယာယီအစိုးရ အုပ်ချုပ်နေချိန်၊ တာရစ်ရာမန် သည် အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရသည်။ တရားရုံးတင်စစ်ဆေးမှုကို ထောင်ထဲ ၁၈ လခန့် နေထိုင်ပြီး ခံယူခဲ့ရသည်။ထို့နောက် ပြန်လွတ်လာပြီး ၂၀၀၈ ခုနှစ် တွင် လန်ဒန်သို့ ထွက်သွားခဲ့ရသည်။[၃]
BNP ပါတီ၏ ယာယီ ဥက္ကဋ္ဌ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ရှိတ်ဟာဆီနာအစိုးရ ပြိုကွဲသည့်နောက်ပိုင်း ၎င်းသည် မိမိအပေါ်ရှိ အမှုများ ပယ်ဖျက်ခံရပါက ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ဝင်ရောက်မည်ဟု ကတိပြုခဲ့သည်။ ထို့အပြင် မိုဟာမတ် ယူနွတ်စ်ယာယီအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်နေ့တွင် ယူနိုက်တက်ကင်းဒမ်းသို့ လာရောက်လည်ပတ်နေသည့် ယာယီအစိုးရ၏ အကြံပေးချုပ် မိုဟာမတ် ယူနွတ်စ် နှင့် ရာဟ်မန်တို့အကြား ပုဂ္ဂလိကတွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ တွေ့ဆုံမှုအပြီး နှစ်ဖက်ကိုယ်စားလှယ်များသည် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ BNP အရင်းအမြစ်များအရ ထိုတွေ့ဆုံမှုကို “အလှည့်အပြောင်းတစ်ခု” အဖြစ် သတ်မှတ်ခံခဲ့ရသည်။
၂၀၂၅ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် မိခင်ဖြစ်သူ ခါလီဒါ ဇီယာ ဦးဆောင်နေသည့် Bangladesh Nationalist Party (BNP) ၏ ဥက္ကဋ္ဌတာဝန်အား ယာယီလွှဲပြောင်းယူခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ဝင်ရောက်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် တာရစ် ရာဟ်မန် သည် ဇနီးဖြစ်သူ ဇူဘိုင်ဒါ ရာဟ်မန် နှင့် သမီးဖြစ်သူ ဇိုင်မာ ရာဟ်မန်တို့နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ စတင်ခဲ့သည့် ၁၇နှစ်ကြာ နိုင်ငံရပ်ခြားနေထိုင်မှုကာလကို အဆုံးသတ်ခဲ့ကြသည်။
ထိုအချိန်မှ ငါးရက်အကြာတွင် မိခင်ဖြစ်သူ ခါလီဒါ ဇီယာသည် နာတာရှည်ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။
ရာဟ်မန်သည် ၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဘိုဂူရာ-၆ နှင့် ဒါကာ-၁၇ မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့တွင် ၎င်းသည် Bangladesh Nationalist Party (BNP) ၏ ဥက္ကဋ္ဌ အဖြစ် စတင် တာဝန်ယူခဲ့သည်။
ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မှု (၂၀၂၆–လက်ရှိ)
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် Bangladesh Nationalist Party (BNP) ပါတီ အနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင် တာရစ် ရာဟ်မန် သည် ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။[၄]
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို အစဉ်အလာမှ ခွဲထွက်ပြီး လွှတ်တော်ကွင်းပြင်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ကျမ်းသစ္စာပေးအပ်ခြင်းကို သမ္မတ မိုဟာမက် ရှာဟာဘူဒင် က ဦးဆောင် ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် ဝန်ကြီး ၂၅ ဦးနှင့် ဒုတိယဝန်ကြီး ၂၄ ဦးလည်း တစ်ပြိုင်နက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။[၅]
၎င်း၏ ရွေးကောက်တင်မြှောက်ခံရမှုသည် ၁၉၉၁ ခုနှစ်မှ စတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးတွင် ဆက်တိုက်စိုးမိုးလာခဲ့သည့် အမျိုးသမီးခေါင်းဆောင်မှုကာလအဆုံးသတ်ခြင်းဖြစ်ရပ်အဖြစ် သုံးသပ်ခံခဲ့ရသည်။[၆]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် တာရစ် ရာဟ်မန် နှင့် မိသားစုဝင်များသည် ဒါကာရှိ အစိုးရရုံးတွင် မိုဟာမတ် ယူနွတ်စ် နှင့် တွေ့ဆုံခဲ့သည်။
ရာဟ်မန်သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဇနီးဖြစ်သူ ဇူဘိုင်ဒါ ရာဟ်မန် နှင့် လက်ထပ်ခဲ့သည်။ ဇူဘိုင်ဒါသည် ဘင်္ဂလားဒေ့ရှ် ရေတပ်၏ ယခင် ကာကွယ်ရေးဌာနချုပ်မှူး ဖြစ်သူ Mahbub Ali Khan ၏ အငယ်ဆုံးသမီးဖြစ်ပြီး၊ လူ့အခွင့်အရေးလှုပ်ရှားသူ Irene Khan ၏ မိသားစုဝင်တစ်ဦးလည်း ဖြစ်သည်။
ဇူဘိုင်ဒါ ရာဟ်မန်သည် ၁၉၉၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် စီမံခန့်ခွဲမှုဝန်ထမ်းရွေးချယ်ရေးစာမေးပွဲ (BCS) ဖြေဆိုအောင်မြင်ပြီး အစိုးရဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ရှိတ်ဟာဆီနာ အစိုးရက အလုပ်မဆောင်ရွက်ဘဲ ခြောက်နှစ်ကြာ အနားယူနေခြင်းကြောင့် သူ့ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
၎င်းတို့တွင် သမီးတစ်ဦးသာ ရှိပြီး ဇိုင်မာ ရာဟ်မန် သည် ဥပဒေရေးရာ အလုပ်အကိုင်ဖြင့် ဆောင်ရွက်နေသော ရှေ့နေတစ်ဦး ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Bangladesh holding 'sham' election: Exiled opposition leader Tarique Rahman" (in en)၊ Al Jazeera၊ 4 January 2024။
- ↑ Tarique Rahman Biography (in en)။ Bangladesh Nationalist Party။ 9 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 August 2024 တွင် ပြန်စစ်ပြီး။
- ↑ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် တာ ရစ် ရာမန် ဘယ်သူလဲ။ ဘီဘီစီ (၁၃ ဖေဖော်ဝါရီ ၂၀၂၆)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ "Bangladesh opposition leader Tarique Rahman returns after 17 years in exile" (in en)၊ Al Jazeera၊ 25 December 2025။
- ↑ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အတိုက်အခံများ ကန့်ကွက်ဆန္ဒပြ။ DVB (၁၈ ဖေဖော်ဝါရီ ၂၀၂၆)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ "Prospect for Premier Returns to Bangladesh After 17 Years in Exile"၊ The New York Times၊ 25 December 2025။